Friday, March 1, 2013

ဝမ်းနည်းကျေကွဲစရာအခြေအနေမှ ပျော်ရွှင်အောင်မြင်မှုသို့ သူပြောင်းခဲ့သည်။



       လင်း(န်) လင်ဂန်ဖဲလ်တာ၏ ဘ၀သည် ၁၉၈၃ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ထာဝစဉ် ပြောင်းလဲခဲ့သည်။ သူ့အသက်က ၁၆ နှစ်၊ ပမ်(န်)ဆစ်(လ်)ဗေးနီးယား အထက်တန်းကျောင်း ဘောလုံးအသင်း နောက်ခံလူ၊ အသင်းခေါင်းဆောင်တစ်ဦးပေါ့။ သူ့သူငယ်ချင်းတစ်ဦးနှင့် သူတို့မိသားစုအိမ်အနီးမှ တောအုပ်ကလေးသို့ အရင်က အကြိမ်ပေါင်းဒါဇင်မက လုပ်နေကျ ငှက်ပစ်ထွက်ခဲ့သည်။
သူတို့ ခပ်မတ်မတ် တောင်တခု တက်နေတုန်း သူ့သူငယ်ချင်း ခြေချော်ကျတော့သည်။ လင်း(န်) သူ့အဖော်၏ ပွိုင့်တူးတူး ပြောင်းဝရိုင်ဖယ်သံကို ကြားပင် မကြားရသေးခင် သူ့နောက်ကြောကို ခပ်နာနာလေး အရိုက်ခံရသလို ခံစားလိုက်ရသည်။ ဘေ့(စ်)ဘော ရိုက်တံတခုနဲ့ ကျနော့ကို ရိုက်ခံလိုက်ရသလိုပါပဲ။ သူမြေပေါ်သို့ ကျလာစဉ် လက်ထဲတွင် သေနတ်ကို ကိုင်ထားပြီး ဒူးထောက်လျက်ရှိသော သူငယ်ချင်းကို လင်း(န်) လှမ်းမြင်လိုက်ရသည်။
လင်း(န်) ပြန်ပြောင်းမှတ်မိတာက ဒီကောင့်မျက်လုံးတွေက ငါ့ထက်တောင် ပြူးနေပါပေါ့လား။ (ကြောက်လွန်း၍ဖြစ်သည်။)
လင်း(န်) တကယ်ကိုပဲ သူ့ကိုယ်သူ ဆွဲထူပြီး အကူအညီ ပြေးတောင်းဖို့ ကြိုးစားတော့တာပါပဲ။ ကျနော် ကိုက် ၃၀ လောက်သွားတယ်။ ပြီးတော့ တကယ်ကို နေလို့ မကောင်းတော့သလို ကျနော်ခံစားရတယ်။ ကျနော် အဖြူ၊ အမဲ ၀ါးဝါးကြီးပဲ မြင်ရပြီး၊ ဘာမှ မကြားရတော့ပါဖူး။ ကျနော် ပြိုလဲပြီး မြေပေါ်ကို ကျသွားပါတော့တယ်။ ငါသေရတော့မယ်လို့ ကျနော် ရိုးသားစွာ တွေးမိပါတယ်။ ဘုရားကယ်တော်မူပါ၊ ကျနော်သေရပါတော့မယ် ဆိုပြီး ဆုတောင်း၊ ပြောဆိုနေမိတာကို သတိရပါတယ်။ ဒီနောက် ကျနော် သတိမေ့သွားပါတော့တယ်။
သူ့ဘေးမှာလည်း ကြောက်ကြောက်ရွံ့ ရွံ့ နဲ့  လင်း(န်)၏ သူငယ်ချင်း။ အကုအညီတောင်းဖို့ ပြေးပါလေတော့သည်။ သူပြန်လာချိန်မတော့ လင်း(န်)၏ ညီငယ်၊ မိုက်(ခ်) ပါလာပါသည်။
ကျောက်တုံးလို အေးစက်၊ ပြာနှမ်းနေသော ကျနော့ကို သူတို့ တွေ့ရ၏။ ကျနော်အသက်မရှုတော့ပေ။ တိုက်ဆိုင်တယ်ဆိုဆို၊ ကံတရားပဲပြောပြော မိုက်(ခ်) ကလည်း အစောပိုင်း ရက်အနည်းငယ်ကပင် ရှေးဦးသူနာပြုအတတ် Cardio Pulmonary Resuscitation (CPR) ကို ကျောင်းကျန်းမာရေး သင်ခန်းစာအဖြစ် သင်ပြီးကာစ။ သူ ကျနော့ကို အသက်ပြန်ရှုအောင်လုပ်၍ ကျန်းမာရေးဆိုင်ရာ ကယ်ဆယ်ရေးပုဂ္ဂိုလ်များ မရောက်ခင်၊ ဆေးရုံသို့မပို့ခင် ကျနော့ကို နွေးထွေးစေရန် ခပ်တင်းတင်း ထွေးပွေ့ထားသည်။
ကျည်ဆန်သည် လင်း(န်)၏ နောက်ကျော အောက်ပိုင်းမှ ၀င်၍ သူ၏အူများကို ဖြတ်ကာ ရှေ့ ပိုင်းကို ဖြတ်ထွက်သွားခဲ့သည်။ တောင်ကုန်းပေါ်တွင် လဲနေစဉ် သူ သွေးအမြောက်အများ ဆုံးရှူံးခဲ့သည်။ နောက်ဆုံး သူ ဆေးရုံ ရောက်သွားချိန်တွင် အသက်ရှင်သန်ရန် ၅၀၊ ၅၀ ရာနှူန်းသာရှိကြောင်း ဆရာဝန်များက သူ့မိသားစုကို ပြောသည်။  လင်း(န်) အား သူ့ခန္ဓာကိုယ်မှ ဆုံးရှူံးသွားသော သွေးကို ပြန်အစားထိုးရန် ၃၈ ပိုင့်သော သွေးပမာဏကို သွင်းပေးရလေသည်။
အရမ်းနာတာကလွဲလို့ နောက်နေ့တွေမှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို ကျနော် မမှတ်မိတော့ပါဖူး။ ခွဲစိတ်မှုတွေ၊ ပိုဆိုးလာတာတွေ ကတော့ တခုပြီးတခု ဖြစ်နေပါတယ်။ ငါးလနီးပါးလောက် ကျနော် ဆေးရုံပေါ် နေရပါတယ်။
ဆေးရုံက ဆင်းလာချိန်တွင် လင်း(န်) ကိုယ်အလေးချိန် ပေါင် ၅၀ ကျဆင်းခဲ့ပေပြီ။
ကျနော် ပေါင် ၁၀၀ အလေးတောင် မ, မ နိုင်တော့ပါဖူး။ ဒါပေမယ့် နောက်နှစ် ဘောလုံးရာသီစချိန်မှာ ကျနော့ခန္ဓာကိုယ် အရင်လို ပြန်ဖြစ်ဖို့ ရည်မှန်းထားပါတယ်။ ဆရာဝန်တွေကတော့ အဲဒီလို မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ အဲလိုပြောတာက ကျနော့ကို ပိုပြီးတောင် စိတ်ဓါတ် ခိုင်မာလာစေပါတယ်။ ကျနော် ပိုကြိုစားတယ်။ မေမေကလည်း ကျနော့ကို ကောင်းကောင်း ကျွေးပါတယ်။
နောက်ရာသီ ပထမဆုံးသောကြာနေ့ည လက်ရွေးစင်အသင်း ကွင်းထဲ ပြေးထွက်လာချိန်မှာတော့ လင်း(န်)တယောက် သူတို့ထဲ ရောက်ရှိနေခဲ့ပါပြီ။ တဖန်ပြန်၍ နောက်တန်းလက်ရွေးစင် အဖြစ်နဲ့ပါ။ လူအုပ်ကြီးကတော့ မတ်တတ်ရပ်၍ ရွှင်လန်းနေကြပြီး အော်ဟစ် အားပေးကြတာပေါ့။
ဒါဟာ ကျနော့ဘ၀ရဲ့  ပျော်ရွှင်စရာ အကောင်းဆုံး အချိန်တွေအထဲက တခုပါ။ အမဲလိုက်စဉ် မတော်တဆ ဖြစ်ရပ်ကြောင့် ကျနော် ပြန်ကောင်း၊ မကောင်း လပေါင်း အတော်ကြာ ကျနော်နဲ့ ကျနော့မိသားစုတွေ ခက်ထန်မှုကို ခံစားခဲ့ရတာတွေ အခုတော့ ပြီးဆုံးသွားပေါ့လို့ တွေးခဲ့မိတာကို ကျနော် သတိရမိပါတယ်။ ဒါဟာ မှိန်ပျပျ အမှတ်သညာ ဖြစ်ရပ်ထက် မပိုတော့ဖို့ ကျနော် ပြင်ဆင်ထားပါတယ်။ ကြာလာတော့လည်း ၀ိုးတ၀ါး ဖြစ်ရပ်တခု ဖြစ်လာပါတော့တယ်လို့ လင်း(န်) က ရှင်းပြခဲ့ပါတယ်။
ဒါဟာ ကျောင်းတွေ ပြီးဆုံးသွားတဲ့ ရုပ်ရှင်ဇာတ်လမ်း တခုဆိုရင် ပျော်ရွှင်စရာ ဇာတ်သိမ်းခန်းပဲပေါ့။ ဂီတသံ လွင့်ပျံ၊ ပျောက်ကွယ်။ ဒါပေမယ့် မကြာခင်မှာ သူ သိလာရတာကတော့ လင်း(န်)ရဲ့ ဇာတ်လမ်းက မပြီးဆုံးသေးဖူး ဆိုတာပါပဲ။
ကျနော် အထက်တန်းကျောင်း ပြီးခဲ့ပါတယ်၊ ကျနော့ချစ်သူ ဆာရာနဲ့ စေ့စပ်ခဲ့တယ်၊ ပမ်း(န်)ပြည်နယ်တက္ကသိုလ်မှာ လျှောက်ထားတယ်။ ဒါဟာ ၁၉၈၇ ဆောင်းဦးမှာပါ။ အဲဒီအချိန်လောက်မှာပဲ သေလောက်တဲ့ရောဂါဖြစ်စေတဲ့ အသစ်တွေ့ရှိတဲ့ ဗိုင်းရပ်တမျိုးအကြောင်း ဆရာဝန်တွေကို အကြောင်းကြားနေပါတယ်။ ကူးစက်စေတဲ့ နည်းတနည်းကတော့ မသန့်တဲ့သွေးကြောင့် ဖြစ်ပါတယ်။ သူတို့ကိုပြောတာက မကြာသေးတဲ့ နှစ်အနည်းငယ်အတွင်း သွေးသွင်းဖူးတဲ့ ဘယ်သူမဆို ရောဂါရှိ၊ မရှိ စစ်ဆေးသင့်တယ် ဆိုတာပါ။ တောင်တောင်အီအီ မတွေးပဲ ကျနော်လည်း စစ်ဖို့သွားတာပေါ့။ ကျနော့အတွက်တော့ ဒီလို အစစ်ခံတာဟာ ပုံမှန် လုပ်သင့်တာကို လုပ်တာပါပဲ၊ ဒီထက် ဘာမှ မပိုပါဖူး။
နှစ်ပါတ်ကြာတော့ လင်း(န်) တို့ ကျောင်းဆောင်မှာ ဖုန်းမြည်လာပါတယ်။ ဒီရောဂါဟာ အဲဒီ အချိန်အခါမှာတော့ သိပ်တောင် မသိကြသေးတော့ ရောဂါစစ်ချက်ရလာဒ်ကို ဖုန်းနဲ့ပဲ ပြောကြပါတယ်။ ဆရာဝန်က ခဏ အသက်ရှူ ရပ်ပြီး လင်း(န်)၊ မင်းမှာ အိပ်(ခ်ျ)အိုင်ဗွီ ရောဂါပိုးရှိနေပြီ၊ လို့ပြောပါတယ်။
လင်း(န်) ဘာမှ မတုံ့ပြန်ခဲ့ပါဘူး။ သူ ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာကို မသိခဲ့ပါဘူး။ ကြောက်စရာကောင်းပေမယ့် သေနတ်မှန်သလို အရာမျိုးကိုတော့ သူနားလည်း လည်တယ်၊ သဘောလည်း ပေါက်တယ်။ ဒါပေမယ့် ဒီဟာကြတော့ ဆရာဝန် ပြောပြတာထက် ပိုပြီးတော့ အိပ်(ခ်ျ)အိုင်ဗွီ ဘာလဲ ဆိုတာကို သူတောင် မသိပါဘူး။ သူသိတာက ဒီရောဂါက လေးနက်တယ်၊ အရမ်းကိုဆိုးရွားတယ် ဆိုတာပါပဲ။
သေနတ်မှန်ဖူးတဲ့ အတွေ့အကြုံကြောင့် ဘာမဆို ဖြေရှင်းနိုင်တယ်လို့ ကျနော့ကို ယုံကြည်နိုင် စေခဲ့ပါတယ်။ ကျနော် ဘယ်လိုအရာမျိုး ကနေမဆို ထွက်မြောက်နိုင်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဖုန်းကို နားထောင်စဉ် ငါဘယ်လို ဒါကနေ ရုန်းထွက်ရပါ့မလဲလို့ တွေးမိတာကို ကျနော် မှတ်မိပါတယ်။
လင်း(န်)ကို သေဒဏ် ချမှတ်ခံလိုက်ရသလိုပါပဲ။ သူ အသက်ရှင်ဖို့ ၂ နှစ်ပဲ ရှိတော့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ၃ နှစ်လဲ ဖြစ်ရင် ဖြစ်မယ်ပေါ့။ လင်း(န်) မိသားစု အတွက်ကတော့ ဒုက္ခ ရောက်ရတော့တာပါပဲ။ အခက်ခဲဆုံးတခုက သူ့သတို့သမီး ဆာရာကို ဒီသတင်း ပြောပြရတာပါ။
သင့်မှာ အိပ်(ခ်ျ)အိုင်ဗွီပိုး ရှိနေပြီ၊ သေရတော့မယ်လို့ သင့်သတို့သမီးကို ပြောပြရတဲ့ အဖြစ်မျိုးကို ဒီကမ္ဘာမှာ ဘယ်သူ့ကိုမှ မလုပ်ရစေဖို့ ကျနော် ဆန္ဒပြုမိပါတယ်။ သူမရဲ့ ကျောင်းဆောင်မှာ အဲဒီညနေခင်း ကျနော်တို့ တွေ့ကြပါတယ်။ ကျနော် မှတ်မိပါတယ်၊ အပြင်ရောက်တော့ ကျနော်က ပြောပြပါတယ်။ ဆာရာ၊ မင်းကတော့ ယုံမှာ မဟုတ်ဘူး။ ငါ့စစ်ချက်က မကောင်းဘူး။ ငါ့မှာ ရောဂါပိုး ရှိနေပြီ။ အဲ့ဒါ သိပ်ကို နာကျင်ခံစားရပါတယ်။
နာရီ တော်တော်ကြာ ကျနော်တို့ အဲ့မှာ ထိုင်တယ်။ သူမဟာ ငိုလွန်းလို့ ခေါင်းဖျားခြေဆုံး တသိမ့်သိမ့် တုန်ခါနေပါတယ်။ ငါတို့ဟာ ကလေးအရွယ်သာ ရှိသေးတယ်။ ကောလိပ်မှာ ဒုတိယနှစ်လေ။ ရည်ရွယ်မျှော်မှန်းစရာ ဘ၀တခုလုံး ကျနော်တို့ရှေ့ မှာ ရှိနေလေရဲ့။ စက္ကန့်ပိုင်း အတွင်းမှာပဲ အားလုံးအဝေးကို ပျော်ကျ၊ ပျက်သုဉ်း ခဲ့ရပြီ။
ဆာရာ အချိန် အတိုင်းအတာ တခုအထိ လင်း(န်) နှင့် နေရန် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အလုပ်ဖြစ်ဖို့ နည်းလမ်း မရှိဘူး ဆိုတာ သူတို့ ယုံကြည်ခဲ့တယ်။ သူမ ထွက်ခွာသွားချိန်မှာတော့ သူလည်း ကျောင်းမှ ထွက်ခဲ့ပါတော့သည်။
တကယ်တော့ ကျနော်ဟာ ဘ၀ကနေလည်း ထွက်ခဲ့ရတာပါ။ ကျနော်ဟာ အငြင်းပါယ် ခံခဲ့ရပါပြီ။ ဒီနောက် ကျနော် ဒေါသ ဖြစ်ရပါတယ်။ ကျနော်ဟာ အောက်ဆုံးကို သွားထိမှန်ခဲ့တာပါ။ ကျနော် အရမ်းစိတ်ဓါတ်ကျပါတယ်။ တရက်ကို ၁၅ နာရီ အိပ်လေ့ရှိပါတယ်။ တခါတလေ တပါတ်လောက် အိမ်ကနေ ဘယ်မှ မထွက်ပါဘူး။ ဘီယာသောက်ပြီး အမှိုက်အစားအစာတွေစား၊ တီဗွီတွေ ကြည့်တော့တာပါပဲ။
မကြာခင် လုံးဝကိုပဲ လင်း(န်)တယောက် ပေါင် ၂၃၀ ကို ဘောလုံးတလုံးလို ဖေါင်းတက် လာပါတော့တယ်။ အလေးချိန် တက်မလာဖို့ သူ ကြိုးစားပါသေးတယ်။ ဒါပေမယ့် မရတော့ပါဘူး။
မကြာခဏ ဆိုသလို ကျနော် အထောက်အကူပြု အုပ်စုအစည်းအဝေး တခုကို သွားလေ့ရှိပါတယ်။ ဒါပေမယ့် ကျနော်ဟာ လုံးဝကို အဲဒီအထဲမှာ ရှိမနေပါဘူး။ ကျနော် အကူအညီ လိုအပ်နေတာကို သိပေမယ့် ကျနော်ဟာ အကုအညီကိုလည်း မလိုချင်ပြန်ပါဘူး။ ကျနော်သိလာတာ တခုက သင်ဟာ အကူအညီရဖို့၊ တောင်းဖို့အတွက် အဆင်သင့်ပြင်ထားဖို့ မဆုံးဖြတ်ထားရင် ဘယ်သူမှ သင့်ကို လာပြီး မကူညီနိုင်ဘူး ဆိုတဲ့ အချက်ကိုပါ။
သူ့မှာ  အိပ်(ခ်ျ)အိုင်ဗွီပိုး ရှိနေကြောင်း လူတွေကို ပြောခြင်းသည် သူ့အား ကြောက်ရွံ့ ခြင်း၊ ရှောင်ကြဉ်ခြင်း ဖြစ်စေကြောင်း ကိုလည်း သူသိလာသည်။
ကျနော် မှတ်မိပါသေးတယ်။ ကျနော့်သူငယ်ချင်းတွေထဲက တယောက်က ကျနော့်အကြောင်း သိသွားတော့ သူ့ကို စားသောက်ဆိုင်တခုမှာ လာတွေ့ ဖို့ ပြောပါတယ်။ ကျနော်တို့ စကားပြောကြတယ်။ သူ့မိသားစုက ပထမဦးစားပေး ဖြစ်ကြောင်း သူပြောပါတယ်။ ၄၊ ၅ ခါလောက် သူ ထပ်ပြောပါတယ်။ သူ ဘာကို ဆိုလိုတယ်ဆိုတာ ကျနော် နားမလည်ဘူး။ ကျနော် သူ့ အိမ်ကို ဘယ်တော့မှ မလာစေခြင်းတော့တာ နောက်မှ ပေါ်လာပါတော့တယ်။ ကျနော်က သူ့ဇနီးနဲ့ ခလေးတွေကို ရောဂါကူးမှာ သူကြောက်လို့ပါ။
ဒီလို အခြေအနေမှာ လူအတော်များများ တုန့်ပြန်သလိုမျိုးပဲ လင်း(န်)လဲ နောက် မသွားတော့ပါဘူး။
ကိုယ့်ပြဿနာ ကိုယ့်ဘာသာကိုယ် ရင်ဆိုင်ရမှာကို ကျနော် သိပါတယ်။ ကျနော် ဘယ်လောက် သနားစရာကောင်းသလဲ ဆိုတာကိုတောင် ကိုယ့်ကိုယ်ကို ၀န်မခံခဲ့ပါဘူး။ အခု ပြန်တွေးမိတော့ မှားမှန်း မြင်လာပါတယ်။ အခက်အခဲ၊ ဆင်းရဲကို သင် ကျော်လွှားဖို့ ပထမခြေလှမ်းက သင် အဲ့ဒါနဲ့ ပါတ်သတ်ပြီး ဘယ်လို ခံစားရသလဲဆိုတာကို ရိုးရိုးသားသား ၀န်ခံဖို့၊ ပြဿနာရှိနေပြီ ဆိုတာကို အသိအမှတ်ပြုဖို့ပါ။ အဲဒီတုန်းက အဲဒီအချက်ကို ကျနော်မသိခဲ့ပါ။
ထို့ကြောင့် သူသည် ဆက်၍ စိတ်ဓါတ်ကျနေခဲ့သည်။
ကျနော် နေမကောင်းဘူး။ ကျနော် သေရတော့မယ်။ ကျနော် သေရမှာ အိပ်(ခ်ျ)အိုင်ဗွီ ကြောင့်တော့ မဟုတ်ပါ။ စိတ်ဓါတ်ကျမှုကြောင့် ဖြစ်သည်။ တနည်းဆိုသော် ကျနော် ကိုယ့်ကိုယ်ကို သတ်ခြင်းပင်။ ကျနော် ကိုယ့်အတွက် ထောင်တခုကို ဆောက်ပြီး စိတ်ညစ်စရာများကို အထဲမှာ ဖြည့်ထားခြင်းဖြစ်သည်။ အဆိုးမြင်စိတ်ကူးများက ကျနော့ကို နှိပ်စက်လွန်း၍ မိမိကိုယ်ကိုသာမက အနားမှ မည်သူ့ကိုမဆို ဂရုမစိုက်တော့ပေ။ အခြေအနေမှာ ပိုဆိုးလာပြီး ထိန်းချုပ်၍ မရတော့ပေ။ ကြီးမားလှသောမုန်တိုင်းတခု အလည်မှာ ပိတ်မိနေသလို ကျနော် အကူအညီမဲ့သလို ခံစားရသည်။ ကျနော်မလှုပ်နိုင်တော့ပါ။
တကယ်တော့ ကျနော်ဟာ ရှူံးနိမ့်သူတဦး မဟုတ်တာကို ကျနော် နက်နက်ရှိုင်းရှိုင်းကို သိပါသည်။ ဒါပေမယ့် ကျနော် ရှူံးနိမ့်နေပါတယ်။ သေဖို့ ကျနော် စောင့်နေပါတယ်။ ဒါကိုပဲ ကျနော် မျှော်လင့်စောင့်စားနေဖို့ ဆရာဝန်တွေက ကျနော့ကို ပြောခဲ့ပါတယ်။ ဒါကြောင့် ဒါဟာ ကျနော် စောင့်နေတဲ့အရာပါ။ ကျနော် ဆက်လက် စောင့်နေတာပါ။ စောင့်နေပါတယ်။ ၂ နှစ် ကျော်လွန်သွားခဲ့ပါပြီ။ ပြီးတော့ ၃ နှစ်။ ဒီနောက် ၉ နှစ်။ ပြီးတော့ ကျနော် ဆက်စောင့်နေပါတယ်။
လင်း(န်) မသေပါ။ သို့သော် သူ နေလည်း မနေရပါ။
ဒါဟာ တော်တော်လေးကို ထူးဆန်းတာပါ။ ဒီ အိပ်(ခ်ျ)အိုင်ဗွီ က ငါ့ကို မသတ်လောက်တော့ပါဘူးလို့ ကျနော် ယုံကြည်စ ပြုလာပါတယ်။ ဒါကြောင့်လည်း ကျနော့ကို မိမိကိုယ်ကို ရင်ဆိုင်စေပြီး ခက်ထန်တဲ့ မေးခွန်းတခုကို မေးမိပါတယ်။  
ငါ့ဘ၀ရဲ့ ရည်ရွယ်ချက်က ဘာလဲ။
အဲဒီတော့မှ လင်း(န်) ဟာ အဖြေတွေကို စတင် ရှာဖွေပါတော့တယ်။ သူ မြင်နေခဲ့ဖူးသည့် မှောင်မိုက်၍ ဘာမှမရှိသည့် ဥမင်လိုဏ်ခေါင်းအစား တောက်ပသည့် နေခြည်ဖြာနေသော လမ်းတခုသဖွယ် သူ၏အရှေ့ တွင် ကျယ်ပြန့်၊ ကြီးမားလာနေသော ဘ၀နှင့်အတူ ခွန်အားကြီး၍ မျှော်လင့်ချက်ရှိသည့် ပြိုင်ဆိုင်ရဲသော အားကစားသမား တယောက်ဖြစ်ရန် ရှင်းလင်းပြတ်သားတဲ့ အိမ်မက်တခုကို သူ စတင်ထားရှိခဲ့သည်။
၉၇ ခုနှစ် အစောပိုင်း တမနက်ခင်းတွင် ကျနော် ထိုကဲ့သို့သော အိမ်မက်မျိုး တခုနှင့် နိုးထလာခဲ့ပြီး ရေချိုးခန်းသွား၍ မိမိကိုယ်ကို မှန်ထဲမှ ကြည့်မိသည်။ ကျနော်ဟာ အချည်းနှီး အနှစ်သာရ မရှိသည့် ခန္ဓာကိုယ် အတ္တဘော ပုံပေါက်နေသည်။ အနှစ်သာရ မရှိသလိုမျိုး ခံစားရသည်။ ကိုယ့်ကိုယ်ကို ငါပြောင်းလဲရတော့မည် ဟုလည်း ပြောလိုက်ပါသည်။ ကျွဲရိုင်းတကောင်အား မျက်နှာချင်းဆိုင်၍ ဂျိုကိုစုံကိုင်သလိုမျိုး ပြဿနာကို တည့်တည့်ကြည့်၍ ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့ အချိန်ကျပေပြီ။
အားခဲ၍ ရပ်ကွက် အားကစားရုံတခုသို့ သူသွားကာ ခန္ဓာကိုယ် ပုံစံကျနရန် မည်ကဲ့သို့ လုပ်ရမည်ကို ဟိုဟိုသည်သည် စမေးလေသည်။ စာရေးသူ ထုတ်ဝေထားသည်များထဲမှ တအုပ်အား အခန်းထဲမှ လူတယောက်က သူ့အား ကမ်းပေးလေသည်။
ကျနော် တခါမှ အရမ်းမ၀ဖူးဘူးဗျ။ ဘယ်လိုပုံစံ အစားအသောက်၊ လေ့ကျင့်ခန်း လုပ်ရမည်ကို ကျနော် မသိခဲ့ပါ။ ကျနော် ဒီမဂ္ဂဇင်းကို ကြည့်လိုက်ပြီး သူ့ရေးထားတဲ့ နည်းလမ်းကို တကယ်ပဲ နှစ်သက်မိတယ်။ တစုံတယောက်က ကျနော့ကို ပြောပြပြီး နည်းပေး လမ်းပြလုပ်နေသလိုမျိုး ကျနော် ခံစားမိတယ်။
အဲဒီအချိန်မှာ အဲဒါကို ကျနော် သတိ မမူမိပါဘူး။ ဒါပေမယ့် ကျနော် တွေ့နေရတာကတော့ ကျန်းမာစေဖို့ အကြံပေးတာထက်ကို အများကြီး ပိုပါတယ်။ အဲဒီဆောင်းပါးတွေရဲ့ ပြောဟန်ဆိုဟန်၊ ဘာသာစကား၊ စိတ်နေစိတ်ထားတွေကို ကျနော် နားလည် ခံစားမိပါတယ်။ ယခင်က ကျနော့ကို နားလည်ကူညီဖို့ ကြိုးစားခဲ့ဖူးသော အတိုင်ပင်ခံ၊ ဆရာဝန်၊ ဆရာ၊ တရားဟောဆရာများ အားလုံးထက်ပို၍ ကျနော့အား လှုံ့ဆော် တက်ကြွစေသည်မှာ နည်းပညာ အချက်အလက်ကို ကျော်လွန်၍ ကျနော့အား စိတ်နေစိတ်ထားတခုကို သင်ပေးနေခြင်းပင် ဖြစ်သည်။
လင်း(န်)၏ ထိုကဲ့သို့ ပြောင်းလဲဖို့ရာ အချိန်ကျလာပုံမှာ ဘယ်လိုအရာမျိုးကမှ ပိုကောင်းလာအောင် မလုပ်နိုင်တော့ပေ။ ထိုနွေဦးတွင် သူ ရလာသော ရလာဒ်များထဲမှ တခုမှာ စာရေးသူ၏ ပြိုင်ပွဲအကြောင်းဖြစ်သည်။ လင်း(န်)၏ ပြိုင်ဆိုင်လိုသော စနက်တံမီးစမှာ ပြန်လည် တောက်လောင်လာခဲ့သည်။
ကျနော်သည် တဖန်ပြန်၍ အောင်မြင်သူတဦး ဖြစ်နိုင်ကြောင်း ပြရန် ကျနော့အတွက် အချိန်ကျပေပြီ။
လင်း(န်)သည် သူခံစားခဲ့ရသော စိတ်ခံစားချက်တိုင်းနှင့် သူသိထားသည့် သူ့အကြောင်း အရာရာတိုင်းကို ယူဆောင်၍ အလေးမသည့် အခန်းထဲသို့ အားလုံးကို သယ်ဆောင်ခဲ့သည်။
အိပ်(ခ်ျ)အိုင်ဗွီပိုးကို ကျနော် ရုပ်ပိုင်းအားဖြင့် မတိုက်ခိုက်နိုင်ပါ။ ကျနော် ဆိုလိုတာက သင့်သည် ၎င်းကို အလဲထိုး၍ အနိုင်မယူနိုင်ပေ။ သို့သော် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတခုကို ကျနော် လုပ်ပြီးတိုင်း တိုက်ပွဲတခုကို ကျနော် အောင်မြင်ခဲ့သလို ကျနော်ခံစားမိသည်။ ကျနော့ အစာအာဟာရ အစီအစဉ်အတိုင်း ကျနော် လိုက်နာသည့် နေ့တိုင်း ကျနော်ကိုယ်တိုင် တူးထားသည့် တွင်းထဲမှ လွတ်မြောက်ရန် နောက်ထပ် ခြေလှမ်းတခုကို လှမ်းလိုက်နိုင်ပြီဟု ကျနော် ခံစားရသည်။
ပထမတပါတ်ပြီးတော့ အပြောင်းအလဲတခုကို တကယ်ပင် ကျနော် ခံစားနိုင်ခဲ့သည်။ ကျနော်နဲ့ပါတ်သတ်၍ ပိုကောင်းမွန်လာသည်ကို ကျနော် အတိအကျပင် ခံစားရ၏။ ထိုအထိတော့ ရုပ်ပိုင်းဆိုင်ရာ များများစားစား ပြောင်းလဲမှု မရှိသော်လည်း ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတော့ ရှိသည်။ ကျနော် နေလို့ကောင်းပါသည်။ ဒီလို နေလို့ကောင်းတာဟာ ဘာနဲ့ တူတယ်ဆိုတာ ကျနော် မေ့နေခဲ့ဖူးပါသည်။
သူ၏ဘ၀တွင် တဖန်ပြန်၍ ရည်ရွယ်ရာ ရှိလာသလို နောက်ဆုံးတွင် သူခံစားမိသည်။
နောက်ဆုံးတွင် တဖန်ပြန်၍ ကျနော်သည် ရှေ့သို့ ဦးတည် ရွေ့ ရှားနေပြီ ဖြစ်သောကြောင့် နေ့စဉ် ပို၍ ပို၍ ကျနော် ယုံကြည်မှု ရ ရလာလေသည်။ ကျနော် ကိုယ့်ကိုယ်ကို ပြောမိသည်မှာ ပြိုင်ပွဲတွင်  အဆိုးဆုံး အခြေအနေနဲ့ အနိုင်မရခဲ့လျင်တောင်မှ ဒီပြိုင်ပွဲပြီးသွားရင် ငါ့ကိုယ်က ပုံစံကျန ကြည့်ကောင်း လာလိမ့်မယ်။ ငါ နိုင်၊ မနိုင်တော့ မသိဘူး။ ငါသိတာက ငါ ဒီပြိုင်ပွဲကို ပြီးအောင် ပြိုင်ဖြစ်လိမ့်မယ်။ ဒါကိုယ်ကလည်း  အောင်မြင်မှု တမျိုးပဲလေ။
လင်း(န်)၏ စိတ်ဓါတ် ပြန်လည် သက်ဝင် တက်ကြွ လာရုံသာမက၊ သူ၏ ခန္ဓာကိုယ် အချိုးအစားကျ၊ ခွန်အားပြည့်လာရုံသာမက၊ ခန္ဓာကိုယ်အတွင်း နေထိုင်နေသည့် ရောဂါအပေါ် သူ့ကိုယ်၏ တုံ့ပြန်မှု ဖြစ်သည့် သူ၏ ကျန်းမာရေးသည် မြင့်တက်လာသည်။
ကျနော် အိပ်(ခ်ျ)အိုင်ဗွီ ရောဂါသည် ဖြစ်ခဲ့ပါတယ်။ အခုလည်း ဖြစ်နေပါတယ်။ အဲဒါကြောင့် ကျနော့ခန္ဓာကိုယ်မှ အာဟာရဓါတ်တွေ ဆုတ်ယုတ်မသွားအောင် အထူးအရေးကြီးလှပါတယ်။ နှစ်များစွာ တက်လာတဲ့ အဆီတွေကို လျှော့ချဖို့ ကယ်လိုရီတွေ ကျနော် ကန့်သတ်ရတယ်။ ဒါကြောင့် အာဟာရဖျော်ရည်များ၊ အာလူးများ၊ အသီးများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သား တို့ကဲ့သို့သော အဆီနည်း၍ ကျန်းမာသော အစာများကို  ကျနော် စားရပါတယ်။
အစတော့ အနည်းငယ် ကသိကအောင့် နိုင်တာပေါ့။ ဒါပေမယ့်လည်း ရက်သတ္တပါတ် အနည်းငယ် ကြာလာတော့လည်း ကျနော် ဒါကို ကျင့်သားရလာပါတယ်။ အဲဒါကို ထိန်းသိမ်းဖို့လည်း မခက်တော့ပါဘူး။ ဒီနေ့ ယခုအဖို့တော့ ဒါဟာ ကျနော့ဘ၀ရဲ့ အစိတ်အပိုင်း တခုဖြစ်နေပါပြီ။ ကျနော် နိုးယုံနဲ့ မှန်ကန်တဲ့အရာတွေလုပ် တနေ့လုံး မှန်မှန်ကန်ကန် ဆုံးဖြတ်ပါသည်။
ပြီးတော့ ရလာဒ်ကရော ? ။
သင်ဟာ တော်တော်ကြီးကို ကိုယ်ခန္ဓာ အချိုးအစားကျလာချိန်မှာ သင့်မှာ မိမိကိုယ်ကို ယုံကြည်မှု ပိုလို့ရှိလာပါတယ်။ သင့်ကို အခြေအနေ ကိစ္စရပ်တွေကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ် လာနိုင်စွမ်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ မိမိခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ခြင်းသည် ကျနော့စိတ်ဓါတ်ကျမှုကို တိုက်ဖျက်ရာတွင် ကူညီမည်ဟု ကျနော် အကောင်းမြင်ပါတယ်။
တစုံတခုကို ပြီးမြောက် အောင်မြင်အောင် ကျနော် လုပ်နိုင်စွမ်း ရှိနေသေးကြောင်း သိရုံမျှဖြင့် ကျနော့်အား ယုံကြည်မှုကို ပေးပါသည်။ တနေ့စီ အားကစားရုံမှ အိမ်သို့ပြန်လာကာ မှန်ထဲသို့ ကြည့်လျက် ကျနော် ပြောသည်မှာ အနည်းဆုံးတော့ ငါ့ဘ၀မှာ တခုတလေကတော့ မှန်နေတာပဲ။ ဆက်လုပ်ဖြစ်နေရန် ကျနော် လိုအပ်တာ ဒါပါပဲ။
ဒါက ကျနော့ဘ၀ကို ကယ်တင်ကောင်း ကယ်တင်ပါလိမ့်မယ်။ ဒီ့မတိုင်ခင် ဆယ်စုနှစ်တခုလုံး ကျနော် နေခဲ့တာထက်စာရင် ကုန်လွန်ခဲ့တဲ့ ၂ နှစ်မှာ ကျနော် ပိုလို့တောင် နေထိုင်ခဲ့ပြီးပါပြီ။ အတော့ကို ပိုတာပါ။ ပြီးတော့ ကျနော် သိပြီးပါပြီ။ အားလုံးထဲကမှ အများစုကတော့ ကျနော် သိတာက ကုန်ဆုံးသွားတဲ့ အချိန်ဟာ ထာဝရ ကုန်ဆုံးသွားတဲ့ အချိန်ဆိုတာပါပဲ။ ထိုနှစ်တွေအားလုံး အထူးသဖြင့် ကျနော့ရဲ့ အသက် ၂၀ ကျော်ဝန်းကျင်နှစ်တွေ။ သူတို့ကို စိတ်ဓါတ်ကျမှုနှင့်ရှက်ရွံ့ မှု၊ စိတ်ပျက်မှုနှင့်အမျက်ဒေါသထွက်မှုများဖြင့် အလဟဿ ဖြုန်းတီးခဲ့ပါတယ်။
ဘာ့ကြောင့် ငါ့မှ ရွေးပြီး ဖြစ်ရတာလဲလို့ ကိုးနှစ်ကြာ ကျနော် မေးခဲ့တယ်။ ငှက်ပစ်ထွက်စဉ်က မတော်တဆဖြစ်ရပ်ကို ကျနော့စိတ်ထဲ၌ ထပ်ခါထပ်ခါ ကျနော် ဗွီဒီယိုအခွေ ကြည့်သလို ပြန်ရစ်ကြည့်ခဲ့သည်။ ဘာကြောင့် ကျနော့သူငယ်ချင်း သူ့သေနတ်ကို အန္တရာယ်ကင်းသော့ မခတ်ရတာလဲ ဆိုတဲ့ မေးခွန်းနဲ့ ပါတ်သတ်ပြီး ကျနော် စိတ်ထဲစွဲနေခဲ့သည်။ ကျနော့အူကို ဖြတ်သန်း ဖေါက်ထွက်သွားမယ့်အစား ခြေထောက်ကို ကျည်ဆံမှန်ခဲ့ရင် ဘယ်လိုတွေများ မတူခြားနား ဖြစ်လာလိမ့်ဦးမလဲလို့ ကျနော် တွေးခဲ့သည်။
ဒီလိုမျိုး ကျနော့ကိုမှ လာဖြစ်ရလေခြင်းလို့ ကျနော် အတော်ဒေါသထွက်ရပါတယ်။ ဘယ်သူ့ကိုမှ ဘာတခုမှ ကျနော် မလုပ်ခဲ့မိပါဘူး။  ဒီလို အဖြစ်ဆိုးမျိုး ကျနော်နဲ့ မထိုက်တန်ပါ။ ပြီးတော့ အဲဒါတွေကို ဖြတ်သန်းသွားပြီးတဲ့ အခါကျမှ ကျနော့မှာ  အိပ်(ခ်ျ)အိုင်ဗွီ ရောဂါပိုး ရှိနေကြောင်း တွေ့ ရလို့ နားလည်ဖို့ရန် မဖြစ်နိုင်တော့ပါဘူး။ သင်ကိုယ်တိုင် ၀မ်းနည်းမှုကို ခံစားရဖို့က လွယ်ပါတယ်။ ဒေါသမထွက်ဖြစ်ဖို့နဲ့ ခါးသီးတဲ့ နာကျည်းမှု ဖြစ်မလာဖို့က အတော်ခက်ပါတယ်။ ကျနော့ကိုယ် ကျနော် နှိပ်စက်နေရုံကလွဲလို့ ဒါတွေကို စိတ်ထဲစွဲလန်းနေခြင်းသည် ဘာမှ ရည်ရွယ်ချက် မရှိသည်ကို ဒါပေမယ့် ကျနော် သိခဲ့ရ၏။ လူတိုင်းနှင့် အရာရာတိုင်းကို ကျနော်ခွင့်လွှတ်ပြီး ဖြစ်နေရပါမည် - ကျနော့ကို မတော်တဆ သေနတ်ဖြင့် ပစ်မိသော ကျနော့သူငယ်ချင်း၊ ဆရာဝန်များ၊ ရောဂါပိုးပါသော သွေးအား ကျနော့ကိုယ်ထဲသို့ ပေါင်းစည်းခွင့်ပြုခဲ့သော စနစ်။ ကျနော့ကိုယ် ကျနော် ထိုအရာအားလုံးမှ လွတ်မြောက်အော် လွှတ်ပေး၍ နောက်သို့ပြန်မလည်ပဲ ရှေ့ သို့သာ ရှေးရှူရည်မှန်းရပေမည်။
အတိအကျဆိုသော် လင်း(န်)ကို စတင် လွတ်မြောက်စေမည့် သူ၏လက်များထဲသို့ သူ့ကိုယ်ကို ပြန်ထည့်ပေးလိုက်ခြင်းပင် ဖြစ်သည်ဟု သူက စာရေးသူကို ပြောပြခဲ့ပါသည်။ အစတွင် သူလိုသမျှ အားလုံးမှာ သူ၏ ကိုယ်ကာယ တိုးတက်ရေး ဖြစ်သည်။ သူ သိခဲ့ဖူးသမျှ ထက်သာသော လွတ်လပ်မှုနှင့် အလိုဆန္ဒပြည့်ဝမှု ဆိုသည့် အလွန်မြင့်မားသော အဆင့်သို့ သူ့ဖြစ်တည်မှု ဘ၀တခုလုံးကို မြှင့်တင် ပေးခဲ့လိမ့်မည်ကို သူ့ တွင် စိတ်ကူးမျှ မရှိခဲ့ပါဟု ယနေ့ သူ ပြောပြပါသည်။ ညစာ အပြင်မှာ ကျနော်တို့ ထွက်စားတယ်။
တနေ့စီဟာ ကျနော့အတွက်တော့ လက်ဆောင်တခုပါ။ ဒါကို နှစ်သက်ခံစားရန် ကျနော် အကောင်းဆုံး လုပ်ပါသည်။ ကျနော် အများကြီး ပြုံးပြခဲ့ပါသည်။ ဒါဟာ ကိုးနှစ်ကြာ ကျနော် လုပ်ခဲတဲ့ အရာပါ။ ကျနော် အလုပ်များနေပါတယ်။ ကျနော် စိတ်ဓါတ်ကျနေချိန် တီဗွီ အများကြီး ကြည့်လေ့ ရှိခဲ့တယ်။ ကျနော့ လက်ကျန် ဘ၀အတွက်ပါ တီဗွီ အပြည့်အ၀ ကြည့်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ဒါကြောင့်လည်း အခုနေခါမှာ မကြည့်တော့ဖို့ ကျနော် ကြိုးစားပါတယ်။ ကျနော့ ဇနီးလောင်း အက်ဗွီနဲ့ ကျနော် လမ်းများများ လျှောက်ပါတယ်။ တက်တက်ကြွကြွ ဖြစ်တာကို ကျနော် သဘောကျတယ်။ ရွေ့လျားနေရတာကို ကျနော် ကြိုက်တယ်။
တနေ့စီမှာ အသစ်အဆန်း တစုံတရာလုပ်ဖို့ ကျနော် ကြိုးစားတယ်၊ ပန်းတိုင်တခုကို ပေါက်မြောက် အောင်မြင်အောင်ပေါ့။ မကြာသေးခင်က ဘယ်လို မျဉ်းတဖြောင့်ထဲ နှင်းလျှောစီးရမယ်၊ ဘယ်လို   ရေလွှာလျှောစီး ရမယ်ဆိုတာတွေကို ကျနော် သင်ကြားခဲ့ပါတယ်။
စာရေးသူ ဘ၀မှာ တွေ့ ဖူးသမျှ လူတွေထဲမှာ လူသစ် စိတ်သစ်နဲ့ လင်း(န်) သည် တသမတ်ထဲ ရွှင်မြူးတက်ကြွ အကောင်းမြင်တတ်ဆုံးသောသူ ဖြစ်ပေလိမ့်မည်။ ဒါ ဘာကြောင့်ပါလဲ?
ဘာကြောင့် ကျနော် ပျော်ရတာလဲ ? ။ ပျော်ပျော်နေဖို့ ကျနော် စိတ်ဆုံးဖြတ်ချက် ချထားလို့ပေါ့ဗျာ။ ဒါဟာ ဘယ်လောက် ရိုးရှင်းလှပါသလဲ ? ။ ဒါဟာ ကျနော် လုပ်ခဲ့တဲ့ ရွေးချယ်ချက် တခုပါ။ ပြီးတော့ အဲဒီ ရွေးချယ်ချက်အတိုင်း ကျနော် ပြုမှု နေထိုင်ခဲ့ပါတယ်။ ဒါတွေအားလုံး ကျနော်နဲ့ပဲ ဆိုင်တယ်၊ ကျနော် တဦးတယောက်ထဲပဲ ဆိုတာကို ခန့်မှန်း ချင့်တွက်မိဖို့ ကျနော့မှာ ၁၀ နှစ် ကြာခဲ့ပါရောလား။
ပြောင်းလဲဖို့ ဆုံးဖြတ်ရတဲ့၊ ရွေးချယ်ချက်ကို ပြုလုပ်ရတဲ့၊ တစိတ်တပိုင်း ကတော့ ဘယ်လို စွန့်လွှတ်ရမလဲလို့ သိလာရခြင်း၊ လေ့လာ သင်ကြားခဲ့ရခြင်းလို့ ပြောရရင် ထူးဆန်းကောင်း ထူးဆန်းပုံ ထင်ရပါလိမ့်မယ်။ စွန့်လွှတ်တယ် ဆိုတဲ့ စကားလုံးကို လက်လျှော့လိုက်တယ်လို့ ကျနော် မဆိုလိုပါဘူးနော်။ ကျနော်တို့ အတော်များများကို နောက်ပြန်လည်အောင် တားမြစ်ထားတဲ့ အနှုတ်လက္ခဏာဆောင်တဲ့ စိတ်ခံစားချက်တွေကို စွန့်လွှတ်လိုက်ခြင်းကို ကျနော် ဆိုလိုတာပါ။
အပြစ်တင်ခြင်း၊ ရှက်ရွံ့ ခြင်း၊ မကျေမချမ်းဖြစ်ခြင်း။ ဒီအရာတွေ အားလုံးဟာ လင်း(န်) ပြောပြနေတဲ့ စိတ်ခံစားချက်တွေပါ။ သင့်ဘ၀ကို သင့်ကိုယ်ပိုင်လက်တွေထဲသို့ ယူဆောင်ပေးမည် ပထမခြေလှမ်းကတော့ ထိုလက်တွေကို ဖြန့်ထားရန်နဲ့ ကာလရှည်ကြာစွာ တင်းတင်းဆုပ်ကိုင်ထားသော မကျန်းမာစေသော၊ အလုပ်မဖြစ်သော အရာများအား လွှတ်ပစ်လိုက်ရန် သာဖြစ်သည် ဟု သူ ပြောသည်။
ညည်းညူခြင်းက သင့်ကို ပို၍ စိတ်မချမ်းမြေ့အောင် လုပ်မည်ဖြစ်ပြီး ပြဿနာများကို ပိုဆိုးစေမည်။ ကျနော် ရင်ဆိုင်နေရသော ဘယ်ပြဿနာမှ ညည်းတွားနေရုံဖြင့် အဝေးသို့ ထွက်ခွာသွားမည် မဟုတ်ပေ။ သင် ညည်းညူနေစဉ် သင်သည် ညည်းညူသောလူများကို ဆွဲဆောင်မှုရှိစေမည်။ ဒါဟာ ထွက်ပေါက်မရှိတဲ့ တဖတ်ပိတ်လမ်း တခုပါ။
ဒါပေမယ့် အခြားတနည်းနဲ့လည်း အလုပ်ဖြစ်ပါတယ်။ ပျော်ရွှင်ဖို့၊ စွန့်စားဖို့နဲ့ စိတ်ကိုဖွင့်ထားဖို့ သင် ဆုံးဖြတ်ချက်ချချိန်မှာ တူညီတဲ့ ဆုံးဖြတ်ချက်ချထားတဲ့ အခြားလူများကို သင် တွေ့ ရပါလိမ့်မည်။
အခုထိ အဲဒီရောဂါက ဆက်လက်ရှိတုန်းပါ။ လင်း(န်) အိပ်(ခ်ျ)အိုင်ဗွီ ဖြစ်နေတာ ၁၅ နှစ်ရှိပါပြီ။ ရောဂါပိုးက ရှိနေပြီး အချိန်မရွေး သို့မဟုတ် အဲလိုမျိုး လူအချို့ပြောသလို သူ့အသက်ကို ခြွေဖို့ ခြိမ်းခြောက်နေပါတယ်။
ကျနော် ဒါကို အဲလိုမျိုး မကြည့်ပါဘူး။ ကျနော် မသေသေးပါဘူး။ ကျနော် ရှင်သန်နေတုန်းပါ။ ကျနော် လုပ်ချင်နေတာတွေကို ကျနော် လုပ်နေပါတယ်။ သူများတွေကို ကူညီဖို့ ကျနော် တတ်နိုင်သလောက် ကျနော် လုပ်နေပါတယ်။ ကျနော့ကို ချစ်တဲ့ ဇနီးလောင်းတဦး ကျနော့မှာ ရှိပါတယ်။ ပြီးတော့ ကျနော် နေ့စဉ် အသိအမှတ်ပြု တန်ဖိုးထား လိုလားပါတယ်။
ယခုအခါတွင် ကမ္ဘာကြီးနှင့် လူတွေကို လင်း(န်) မတူကွဲပြားစွာ ရှုမြင်ပါတယ်။
ကျနော် ဖြတ်သန်းခဲ့တာတွေကြောင့် တခြားလူတွေကို ကြည့်ဖို့ ကျနော် သိလာပါတယ်။ သူတို့ကို အစစ်အမှန် ကြည့်ဖို့ပါ။ ကျနော့ဘ၀မှာ ၉  နှစ် ကြာအောင် ကျနော် ဘေးမှာ ထိုင်ကြည့်ပြီး လေ့လာခဲ့ပါတယ်။ လူတွေကို ကျနော် စောင့်ကြည့်တယ်။ ကျနော် တကယ်ကို ဆိုလိုတာပါ။ တခါတရံ ကျနော် ဈေးရုံလိုနေရာ တနေရာကို သွားတယ်။ အဲနေရာမှာ နာရီများစွာ ကျနော် ထိုင်ပြီး။ လူတွေ ဖြတ်သန်း သွားလာနေတာကို ကြည့်တယ်။
ကျနော်မြင်တာ၊ ကျနော်မြင်ခဲ့တာကို သင် သိပါသလား ? ။ အခြားလူ အများစုလည်း သေနေတာကို ကျနော် တွေ့ ရတယ်။ ဒါကို တွေးကြည့်ပါ၊ ကျနော်တို့ ဘယ်သူမှ ထာဝရ ရှင်သန်နေမှာ အမြဲနေရမှာ မဟုတ်ပါဘူး။ တစုံတခုသော အချိန် အတိုင်းအတာလေး တခုလောက်ပဲ ကျနော်တို့ လက်ရှိ ဒီနေရာမှာ ရှိနေတာပါ။ ဒါ မှန်သလိုပဲဆိုပြီး ကျနော်တို့ လူဘယ်လောက်များများက နေထိုင်ကြပါသလဲ။ လူအတော်များများကို ဘေးဆွဲဖယ်ပြီး ပြောဖို့လိုတယ်လို့ ကျနော် ထင်တယ်။ ကြည့်စမ်းပါဦး၊ မင်းမှာ နောက်ထပ်နေရဖို့ အချိန်အများကြီးပဲ ရှိတယ်။ အခုအချိန်ကစပြီး နေ့ရက်တိုင်းကို အကောင်းဆုံး၊ အများဆုံး အသုံးချပါ။ သင်သေခါနီးကျတော့ ဘ၀ကို ဒီလိုနေခဲ့ချင်လိုက်တာလို့ သင်ဆန္ဒဖြစ်မိသလိုမျိုး နေထိုင်ပါ။
လင်း(န်)သည် တရက်ချင်းစီ နေထိုင်ရုံမျှသာမက သူသည် ရည်မှန်းချက်များကိုချ၊ စိတ်ကူးယဉ် အိပ်မက်တွေ မက်နဲ့။
အခု ကျနော်ကြိုက်တဲ့ အိမ်မက်က ကျနော် ကိုယ့်ကိုယ်ကို အဖိုးကြီးတယောက် အဖြစ်မျိုးနဲ့ မြင်ရတဲ့နေရာမျိုး တနေရာပေါ့ဗျာ။ ကျနော် ကျန်းမာတယ်၊ ပညာရှိတယ်၊ အပြင်ထွက်ပြီး ရေကန်တခုမှာ မြေးတွေနဲ့ ငါးမျှားထွက်နေတယ်။ နေက ၀င်လုဆဲ၊ ပြီးတော့ အေးမြလာပြီဖြစ်တဲ့ ညင်သာတဲ့ နွေလေပြေနဲ့။ မုန်တိုင်းတခုက လာနေတယ်။ မှုန်ပျပျ အဝေးမှာ ဇနီးသည်က ကျနော်တို့ကို လက်ပြဝှေ့ယမ်းပြီး ကမ်းကို ပြန်လာခဲ့ဖို့ အချိန်တန်ပြီဆိုပြီး အချက်ပြနေတယ်။ ကျနော်က သာသာလေး လှေကို ပြန်လှည့်လိုက်တယ်။ ကျနော်တို့ ဆိပ်ခံဗောဆီ ပြန်၍ ဦးတည်စဉ်မှာ အခွင့်သာတုန်း မြေးတွေကို ကျနော်ပြောပြတာက ခက်ခက်ခဲခဲနဲ့ သူတို့အဖိုး တတ်မြောက်သိရှိလာခဲ့တဲ့ အဖိုးတန်သင်္ခန်းစာတခုပါ။
တခါတရံ ဘ၀ကို သူတို့ခရီးနှင် ဖြတ်သန်းစဉ် မုန်တိုင်းတခုနဲ့ သူတို့ ရင်ဆိုင်ကြုံတွေ့ ရလိမ့်မယ်လို့ ကျနော် သူတို့ကို ပြောပါတယ်။ အခြေအနေတွေ အလွန်ခက်ထန်ကြမ်းတမ်း ဖြစ်လာခဲ့လျင်တောင်မှ သူတို့ ရှေ့ သို့ဆက်ရွေ့၊ ခရီးနှင်ခြင်းကို ဘယ်တော့မှ မရပ်သင့်ပါဘူး။ တခဏလေးတောင်မှ သူတို့ ဘယ်တော့မှ လက်လျှော့၊ အရှုံးမပေးရပါဘူး။ မင်းတို့ ကျောက်ဆူးကြိုးကို ချရင်တော့ မုန်တိုင်းကမင်းတို့ကို အစိတ်စိတ် အမွှာအမွှာ ဖြစ်အောင်လုပ်ပါလိမ့်မယ်လို့ ကျနော် သူတို့ကို ပြောပြတယ်။ ရှေ့ကိုကြည့်ရင်တော့ တခြားတဖက်မှာ လှပတဲ့သက်တံ့ရောင်စုံကို မင်းတို့မြင်ရပါမယ်။ ရှေ့ ကို ဆက်ကြည့်နေပါ၊ ရှေ့ လားရာကို ရွေ့ နေပါ၊ ဒါဆို အဲဒါကို မင်းတို့ အောင်အောင်မြင်မြင် ဖြတ်သန်းရပါလိမ့်မယ်။

နန္ဒနောင်
(Bill Phillips ၏ Body for Life စာအုပ်မှ ကောက်နှုတ်ပြန်ဆိုသည်။)

Monday, April 28, 2008

ဒုတိယအကြိမ်အလှူမှတ်တမ်း

သာဓု၊ သာဓု၊ သာဓု။

ပထမအကြိမ်အလှူမှတ်တမ်း







http://s292.photobucket.com/albums/mm26/myonanda/?albumview=slideshow

လှူဒါန်းဖို့ရန်စိတ်အကြံ

ကျနော်တို့က အမိမြေမှအဝေးရောက် မြန်မာတစ်စု။ တူညီတဲ့ခံစားချက်က ပြည်ပမှာ ရောက်ရှိပြီး အလုပ်လုပ်ကိုင် နေထိုင်လျက်ရှိပေမဲ့ ကိုယ့်တိုင်းပြည်ကို အမြဲသတိရ။ အမိမြန်မာပြည်ရဲ့ သတင်းတွေကိုကြားရ၊ ဖတ်ရ၍ စိတ်မကောင်းဖြစ်မိ။ ကိုယ်တတ်နိုင်သလောက် လစဉ် အမိမြန်မာပြည်အတွက် တထောင့်တနေရာမှ မိမိတို့ တတ်နိုင်သလောက် အလှူငွေ ထည့်ဝင်၍ လှူဒါန်းရန် အကြံရမိသည်။ ကျနော်အနေဖြင့် တယောက်ထဲ လှူဒါန်းသည်ထက် မိမိပါတ်ဝန်းကျင်မှ လက်လှမ်းမှီရာ စေတနာရှင်များထံမှ သဒ္ဓါတရားရှိသရွေ့ လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်ပြီး အလှူခံ၍ မြန်မာပြည်မှ လိုအပ်သည့်နေရာများသို့ လစဉ်လှူနိုင်ပါက ပိုမိုအကျိုးများမည်ကိုလည်း တွေးမိလေသည်။ မိမိအနေဖြင့်ထိုသို့ စိတ်ကူးရမိသော်လည်း အကောင်အထည် ဖော်ရန်အတွက်မှု လက်တွန့်မိသည်။ ဒါကလည်း လူ့သဘာဝနှင့်ဆိုင်သည်။ လူဆိုသည်မှာ မိမိစေတနာရှိသလောက် လှူဒါန်းရန် လက်မနှေးသော်လည်း သူတပါးထံမှ အလှူခံရန် ၀န်လေးကြပေသည်။ အဘယ်ကြောင့်ဆိုသော် မိမိအနေဖြင့် အလှူခံရာဝယ် တကြိမ်တခါမဟုတ်၊ လစဉ်ကောက်ခံရမည် ဖြစ်လေရာ မိမိအနေဖြင့် စာရင်း၊ ဇယား တိတိကျကျ မလုပ်နိုင်ပါက အခြားသူများမှာ ပုံမှန်လှူချင်စိတ်ရှိမည် မဟုတ်ပေ။

ထို့ကြောင့် ကျနော် စိတ်ကူးမိသည်မှာ အနည်းငယ်အလှမ်းဝေးသည့် အခြားသူများထံမှ အလှူမခံသေးပဲ မိမိအလုပ်ထဲမှ လုပ်ဖော်ကိုင်ဖက်များထံမှ စတင်ကောက်ခံရန်ဖြစ်သည်။ လောလောဆယ် အလှူရှင်များအား အလှူခံဖြတ်ပိုင်းမှတ်တမ်းများအား မပေးနိုင်သေးပေ။ ဤသို့ဖြင့် ၂၀၀၈ခုနှစ်၊ ဇန္န၀ါရီမှ အစပြု၍ အလှူငွေများ ကောက်ခံသည်။ ကျနော်က အလှူရှင်နှင့် အလှူငွေများကို စာရင်း၊ ဇယားဖြင့်သာ မှတ်ထားနိုင်သည်။ လစဉ်ကောက်ခံရရှိငွေများကို မြန်မာပြည်သို့ ပေးပို့လှူဒါန်းရာ ယခုအချိန်ထိ (၂) ကြိမ်ရှိသွားလေပြီ။ အလှူရှင်များ ကြည်ညိုသဒ္ဓါ ပွားများနိုင်ရန် လှူဒါန်းပုံများကို သိရှိစေလိုသည်။ ထိုသို့အသိပေး သာဓုခေါ်ဆိုနိုင်စေရန် ပထမအကြိမ်လှူမှတ်တမ်းကို အီလက်ထရောနစ်စာပို့စနစ်ဖြင့် ပေးပို့ရာ ဖိုင်များ များပြား၍ ဖွင့်ဖတ်ရန် အနည်းငယ် အခက်အခဲရှိသည်ကို တွေ့ရသဖြင့် နောက်ပိုင်းတွင် ဘလော့ဂ်ပေါ်တွင် ရေး၍ တင်ပြရန် အကြံရမိသည်။